စာကြိုးစားပြီး ဘာလို့ အမှတ်မကောင်းတာလဲ?
စာမေးပွဲ နီးပြီးဆို စာတွေသေချာ ပြင်ဆင် ကျက်မှတ်ပါရက် အမှတ်လဲထွက်ရော မထင်ထားလောက်အောင် နည်းနေတာမျိုး ကြုံဖူးကြလား?
ငါလဲ စာကျက် သေချာဖြေထားပြီး ဘာလို့ ဒီလို ဖြစ်နေရတာလဲ လို့ တွေးနေမိရင် ဘာတွေ ပြင်ဆင်ရမလဲ ဘာတွေ လိုအပ်နေလဲဆိုတာ သိဖို့ ဒီဆောင်းပါးလေး ခဏ အချိန်ပေးဖတ်ကြည့်ပါဦီး။
💡ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တာလက်ခံလိုက်ပါ။
အရင်ဆုံး ကိုယ် စာလုပ်စာကျက်နေတာကိုတောင် ဒီလိုပဲ အမှတ်မကောင်းဘူးဆိုတာ ကိုယ့် လေ့လာမှတ်ယူပုံ သို့ တစ်ခုခုမှာ ပြင်ဆင်ဖို့ လိုအပ်ချက် ရှိနေလို့ဆိုတာ လက်ခံဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက် ဒီတိုင်း နေလိုက်ဆိုရင်တော့ စာမေးပွဲတိုင်း ဒီလို ရလဒ်ပဲ ဖြစ်နေမှာပါ။
💡 စာကျက် အချိန်ဇယား သတ်မှတ်ပါ။
Study Plan ကောင်းကောင်းတစ်ခုက စာမေးပွဲအတွက် အခြေခံ အုတ်မြစ်ပါပဲ။ ပထမဦးစွာ စာမေးပွဲအတွက် သင်လိုအပ်သော အကြောင်းအရာများ သို့မဟုတ် ဘာသာရပ်များစာရင်းကို ပြုလုပ်ပါ။ ဘယ်ဘာသာကို ဘယ်နှစ်ရက် ဘယ်နှစ်နာရီ လေ့လာပြင်ဆင်မယ်ဆိုပြီး အချိန်သတ်မှတ်ကြည့်ပါ။ ဒါဆို စုစုပေါင်း စာလေ့လာရမယ့်အချိန် ထွက်လာပြီမို့ Plan အတိုင်း မိမိ ပိုင်နိုင်ပြီးသား နဲ့ အခက်ခဲဆုံး ဘာသာရပ်တွေအတွက် အချိန်ပြန်ညှိတာမျိုး လုပ်ကြည့်ပါ။ Plan အချိန်စာရင်းတိုင်း စိတ်ပါလက်ပါ သေချာ လေ့လာဖို့လဲ လိုအပ်တာပေါ့။
💡ကြိုးကြိုးစားစား မကျက်ပါနဲ့။ လွယ်ကူအောင်မှတ်ပါ။
ငယ်ငယ်က စာမေးပွဲနီးမှ ကြက်တူရွေးနှုတ်တိုက်နည်းနဲ့ စာကျက်ခဲ့ကြပေမယ့် အသက်ကြီးလာတာနဲ့အမျှ လေ့လာရတဲ့ ဘာသာရပ်တွေက ကျက်လို့ မရတော့ပါဘူး။ ဘာသာရပ် တစ်ခုဆီတိုင်းမှာ အခြေခံ သဘောတရား၊ သီအိုရီတွေနဲ့ အသုံးချရမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒါတွေကို လေ့လာမှတ်သားပြီး အကြောင်းအရာ တစ်ခုစီတိုင်းကို နားလည်အောင် အတန်းထဲမှ ဆရာဆရာမတွေနဲ့ ဆွေးနွေး မှတ်သားသင့်သလို စာမေးပွဲအတွက် ပြင်ဆင်ရာမှာလည်း ပါတယ်။
💡Learning Material မှန်ကန်စွာ ထားပါ။
စာမေးပွဲ နီးပြီးဖို့ မေးခွန်းဟောင်းတွေ ရှာကျက်မယ် ဆိုတာမျိုးက စလွဲတာပါ။ တကယ်တော့ မေးခွန်းဟောင်းတွေ ဆိုတာ စာမေးပွဲအတွက် ထပ်ဆောင်း ကြိိုတင်ပြင်ဆင်ဖို့ အတွက်ပါ။ စာမေးပွဲအတွက် ဉီးစားပေးဖို့ဆို မိမိ လက်ရှိ သင်ယူနေတဲ့ Notes တွေ Textbook တွေကို ဉီးစားပေးပြီး လေ့ကျင့်ပြင်ဆင်ဖို့ အတွက်သာ အခြား material ကို အချိန်ပေးပါ။
💡 အသည်းအသန် စုပြုံကျက်တာက စာကျက်နည်း မဟုတ်ပါဘူး။
ကံကောင်းတတ်ရင်တော့ ကိုယ် မှတ်မိနေတာနဲ့ ပါလာတာနဲ့ အံကိုက်သွားနိုင်ပေမယ့် စာမေးပွဲအောင်သွားပြီးလဲ ခေါင်းထဲ ဘာမှ ကျန်ခဲ့မှာမျိုးမဟုတ်ပါဘူး။ ဒီတော့ အမှန်တကယ် လေ့လာရမှာတွေ တတ်မြောက်ပြီး ရေရှည်မှာ အမှတ်ကောင်းတဲ့ ကျောင်းသားကျောင်းသူဖြစ်ဖို့ဆိုရင်တော့ စာမေးပွဲနီးမှ ကြိုးစားပန်းစားနဲ့ ကျားလိုက်ဆွဲသလို နင်းကန်စုပြုံ မကျက်ကြဖို့ အကြံပေးလိုက်ပါရစေဗျာ။
💡စာမေးပွဲ အဖြေလွှာကို ဂရုစိုက်ပါ။
သေချာ ပြင်ဆင်ပြီး အမှတ်ကောင်းရဖို့ဆို ဒီအချက်ကတော့ သတိထားရမှာပါ။ နံပါတ်တပ်တာမှားတာ၊ စာလုံးပေါင်းမှားတာ၊ လက်ရေးတွေက မရှင်းလင်းတာ၊ အပုဒ်မှာ ဖြေတာ စသဖြင့်ပေါ့ စိတ်လောပြီး လုပ်လေ့ရှိတဲ့အမှားတွေအတွက် မိမိ အဖြေလွှာကို မအပ်ခင် ၂ခါလောက်တော့ ပြန်စစ်ဆေးခဲ့ဖို့ မမေ့ပါနဲ့။
ဒါက စာကျက်ရဲ့သားနဲ့ ဘာလို့ အမှတ်မကောင်းရတာလဲဆိုတဲ့ အမေးတွေကို ဖြေရှင်းနိုင်ဖို့ အခြေခံ အချက်လေးတွေပါ။ တစ်ဉီးတစ်ယောက်ချင်းပေါ် မူတည်ပြီး လိုအပ်ချက်တွေ ပြုပြင်ရမှာတွေ ရှိဉီးမှာပါ။ ဒီတော့ မိမိရဲ့ ပြုပြင်ရမယ့်အချက်လေးတွေကို သိရှိလာပြီး စာမေးပွဲတွေမှာလည်း အမှတ်ကောင်းတဲ့ ကျောင်သားကျောင်းသူတွေ ဖြစ်လာကြစေဖို့ Brightway မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။