လမ်းပျောက်နေတဲ့ ဆယ်ကျော်သက်တို့ဖတ်ဖို့
ဆယ်ကျော်သက်ဆိုတာ (ခေတ်စကားနဲ့ပြောရရင်) အင်မတန် ကြောင်ပျောက်တဲ့ အချိန်အပိုင်းအခြားပါ။ အိမ်ကလူကြီးတွေ ပြောတာလည်း မလုပ်ချင်၊ ကိုယ့်ဟာကိုယ်ကျတော့လည်း ဘာလုပ်ရမှန်းမသိ၊ ဒီကြားထဲ Peer pressure လို့ခေါ်တဲ့ အပေါင်းအသင်း သူငယ်ချင်းတွေဆီကလာတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားကလည်း ရှိသေးတယ်။ ဟူး ... လွယ်တော့ မလွယ်လှဘူးနော်။
မိဘတိုင်းကတော့ ကိုယ့်သားသမီးအတွက်ဆို အကောင်းဆုံးကိုပဲ ပေးချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ကိုယ်ပေးလိုက်တဲ့ အကောင်းဆုံးက လက်ခံသူအတွက်တော့ မကောင်းဘဲ ဆိုးနေနိုင်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ဒီဆောင်းပါးဟာ လမ်းပျောက်နေတဲ့ ဆယ်ကျော်သက်တွေဖတ်ဖို့ ရေးတဲ့စာဖြစ်သလို့ မိဘတွေကိုပါ ရည်ရွယ်ထားပါတယ်။
အများကြီးမဟုတ်ပါဘူး၊ (၃) ချက်ထဲပါပဲ။
၁။ မနှိုင်းယှဥ်ပါနဲ့။
ဖတ်ဖူးတဲ့အထဲက သိပ်ကောင်းတဲ့ စကားပုံလေးတစ်ခု ရှိတယ်။ ငါးတစ်ကောင်ရဲ့ အရည်အချင်းကို သစ်ပင်တက်မြန်တာနဲ့ ဆုံးဖြတ်ရင် သင်မှားသွားပေါ့တဲ့။ ဘယ်သူမဆို အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ သူများတွေရဲ့ အရည်အသွေးတွေနဲ့သာ ကိုယ့်ကိုယ်ကိုယ် တိုင်းတာနေမယ်ဆိုရင် သင့်ကိုယ်ပိုင် အရည်အသွေးဆိုတာ ဘယ်တော့မှာ ပေါ်ထွက်လာမှာ မဟုတ်တော့ဘူး။ သင့်သူငယ်ချင်းတွေထဲမှာ သင့်ထက် ရှေ့ရောက်နေသူတွေ ရှိကောင်းရှိမယ်၊ နောက်ရောက်နေသူတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ လူတိုင်းဟာ အမြဲတမ်း တစ်နေရာတည်းမှာ ရပ်နေကြမယ့်သူတွေ မဟုတ်ဘူး။ အနာဂတ်မှာ ကိုယ်ရောက်မဲ့နေရာက လက်ရှိ ကိုယ်ဘာလုပ်နေလဲဆိုတာပေါ်ပဲ မူတည်ပါတယ်။
၂။ သူငယ်ချင်းကောင်းတွေ ရှိပါစေ။
အပေါ်ကအချက်မှာ သူများတွေလုပ်တာ ဂရုမစိုက်နဲ့လို့ ပြောခဲ့ပါတယ်။ အဲ့တာက သင်တစ်ယောက်တည်းပဲနေပြီး သူငယ်ချင်းတွေနဲ့ မပေါင်းခိုင်းတာတော့ မဟုတ်ပါဘူး။ ဘဝမှာ သူငယ်ချင်းမိတ်ဆွေဆိုတာ အရေးကြီးပါတယ်။ အများကြီးရှိဖို့ မလိုအပ်ဘူး၊ ရှိတဲ့သူက ကောင်းဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ တွေးခေါ်မှုပုံစံတွေရဲ့ တစိတ်တပိုင်းဟာ သင်အရင်းနှီးဆုံးသူတွေဆီကနေ ရရှိလာတာကြောင့်ပါပဲ။ လွှမ်းမိုးခံရတယ်ပဲ ဆိုပါတော့။ ဒါကြောင့် ကိုယ့်အပေါ် စိတ်ရင်းစေတနာ မှန်ကန်သူတွေနဲ့သာ ပေါင်းသင်းပါ။ သူငယ်ချင်းမိတ်ဆွေကောင်းရှိခြင်းက ဆယ်ကျော်သက်ဘဝကနေ နောက်ပိုင်းလုပ်ငန်းခွင်ဝင်တဲ့အထိ၊ စီးပွားရေးလုပ်တဲ့အထိ အကျိုးကျေးဇူးများစေပါလိမ့်မယ်။
၃။ သင်ယူပါ။
ဆယ်ကျော်သက်အရွယ်ဆိုတာ သင်ယူနိုင်စွမ်းအကောင်းဆုံး၊ ဦးနှောက်အဖွံ့ဖြိုးဆုံး အချိန်ဖြစ်ပါတယ်။ သင်က ပညာရေးကို စိတ်အားထက်သန်သူဆိုရင် ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ အများကြီးပါပဲ။ နိုင်ငံခြားမှာ ကောလိပ်တက်မယ်ဆိုတဲ့ အစီအစဥ်ရှိရင် GED လို အထက်တန်း ဒီပလိုမာနဲ့ ညီမျှတဲ့ စာမေးပွဲမျိုးဖြေပြီး ပညာသင်ဆုတွေ လျှောက်လို့ ရပါတယ်။ ဒါက နောက်ပိုင်း ဆယ်ကျော်သက်တွေ တော်တော်များများ စိတ်ဝင်စားကြတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သင်ယူတယ်ဆိုလို့ Academic ပညာရေးကိုချည်း ဆိုလိုတာ မဟုတ်ပါဘူး။ စာအုပ်စာပေတွေ ဖတ်ရှုတာလည်း သင်ယူနေတာပဲ၊ အနုပညာတူရိယာတစ်ခုခု တီးတတ်အောင်လေ့ကျင့်တာလည်း သင်ယူတာပါပဲ။ လောကမှာ အသုံးမဝင်တဲ့ ပညာရပ်ဆိုတာ မရှိဘူးဆိုသလိုပေါ့၊ ကိုယ်လေ့လာသင်ယူထားသမျှဟာ တချိန်မှာ ပြန်အသုံးဝင်လာပါလိမ့်မယ်။
နောက်ဆုံးတော့ ဘယ်သူဘာပြောပြော ကိုယ့်ဘဝလမ်းကြောင်းဆိုတာ ကိုယ်တိုင်ခင်းလျှောက်ရတဲ့ ခရီးပါပဲ။ ညီငယ်၊ ညီမငယ်တွေအားလုံး လိုရာပန်းတိုင်ကို ရောက်အောင်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်းနဲ့ပဲဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။